ဓမ္မစကား ၊ နေ့တိုင်းကြားက ၊ စိတ်ထားဖွေးလက် ၊ သိဥာဏ်ထက်၏

ပုဗ္ဗ မုဉ္စ အပရစေတနာ ဆိုတာ..

ဓမ္မဒါနပြုသည် - ဟိန်း

ကျနော်တို့ ဗုဒ္ဓဘာသာဝင်တွေ အားလုံးလိုလို ဒါနပြုခြင်းနဲ့ ပတ်သက်ပြီး ပုဗ္ဗ မုဉ္စ အပရ စေတနာ ဆိုတာလေးကို ကြားဖူးကြမှာပါ..

ဒါပေမယ့် ဘာကိုဆိုလိုတယ် အဓိပ္ပါယ်ကဘာဆိုတာကို တော်တော်များများ သိကြမှာ မဟုတ်ဘူးလို့ထင်ပါတယ်..

ကျနော်လည်း အရင်ကမသိခဲ့ပါဘူး ဆရာတော် အရှင်ဇနကာဘိဝံသရေးသားတဲ့ ကိုယ်ကျင့်အဘိဓမ္မာကျမ်းထဲမှာ ဖတ်လိုက်ရလို့

အားလုံးကိုလည်း သိစေချင်တဲ့ စေတနာနဲ့ ပြန်လည်မျှဝေလိုက်ပါတယ် ခင်ဗျာ….

ပုဗ္ဗစေတနာ

အလှူတစ်မျိုးကို လှူဒါန်းရာ၌ ပုဗ္ဗစေတနာ ၊ မုဉ္စစေတနာ ၊ အပရစေတနာ ဟု ၃ မျိုးရနိုင်၏ ။

ထို့တွင် အလှူပေးမည်ဟု ကြံစည်ကာ ထိုအလှူနှင့်ဆိုင်သော ပစ္စည်းများကို ရှာဖွေစုဆောင်း နေသော အခါမှစ၍ မလှူမီ ရှေ့အဖို့၌

ဖြစ်သမျှကုသိုလ်စေတနာတွေသည် ပုဗ္ဗစေတနာ မည်၏ ။ ထိုသို့ ပုဗ္ဗစေတနာ နယ်အတွင်း၌ ဤအလှူဒါနကို အကြောင်းပြု၍

အလှူ့ ဒကာ အလှူ့ ဒကာမ ၊ ကျောင်းဒကာ ၊ ကျောင်းအမ စသည်ဖြင့် ထင်ရှားကျော်ကြားစေလိုသောစိတ် ၊ ကျော်စောလိုသောစိတ် ၊

မိမိလှူနိုင်ကြောင်း ကြွားလိုသောစိတ်များ မဖြစ်စေရပါ ။ လှူဖို့ရာ ပစ္စည်းစုခိုက် အိမ်သားအချင်းချင်း အလှူနှင့် စပ်၍ မကျေမနပ် ဒေါသ

မာန စသော အကုသိုလ်များ ၊ အလှူကို လှူမည်ဟု ကြံခဲ့ပြီးမှ တစ်စုံတစ်ခုအတွက် စိတ်ပျက်ပြီး တွန်းဆုတ်သော မလှူလိုသော စိတ်များ

မဖြစ်စေရ ။ ထိုသို့ မဖြစ်စေဘဲ ပျော်ရွှင်ဝမ်းမြောက်စွာ အရာရာကျေနပ်လျက် လှူဖွယ် အရပ်ရပ်တို့ကို စီမံနိုင်လျှင် “ပုဗ္ဗစေတနာ တွေ

အလွန်စင်ကြယ်စွာ ဖြစ်နေပြီ” ဟုမှတ်ပါ ။

မုဉ္စစေတနာ

မုဉ္စ - သဒ္ဒါသည် စွန့်လွတ်ခြင်း ဟူသော အနက်ကို ဟော၏ ။ ထို့ကြောင့် စွန့်လွတ် လှူဒါန်းနေတုန်း အခိုက်၌ ဖြစ်သော စေတနာသည်

(ဆွမ်းလှူရာ၌ ဆွမ်းကို အလှူခံ ပုဂ္ဂိုလ်အား ကပ်လှူနေတုန်းမှာ ဖြစ်သော စေတနာနှင့် ကိုယ်ထိလက်ရောက် မကပ်ဘဲ နှုတ်ဖြင့်

လျှောက်ထား၍ လှူရာ၌ “လှူပါ၏” ဟု ဆိုခိုက်မှာ ဖြစ်သော စေတနာသည်) မုဉ္စစေတနာ မည်၏ ။ ဤမုဉ္စစေတနာ အခိုက်လည်း

ပြခဲ့သော အကုသိုလ်စိတ်များ မဖြစ်စေဘဲ ၊ အလှူခံမည့် ပုဂ္ဂိုလ်ကိုလည်း ကပ်ငြိတွယ်တာသော တဏှာလောဘစိတ် မဖြစ်စေဘဲ ယခု

လှူဒါန်းလိုက်သည့် အတွက်ကြောင့် ငါ၏ ကိစ္စကို ကူညီဆောင်ရွက်လိမ့်မည်ဟု တစ်စုံတစ်ခုသော လောကီအကျိုးကို မမျှော်လင့်ဘဲ

ရက်ရက်ရောရော လှူဒါန်းနိုင်ပါလျှင် “မုဉ္စစေတနာတွေ စင်ကြယ်စွာ ဖြစ်ပြီ” ဟု မှတ်ပါ ။

အပရစေတနာ

အလှူအထမြောက်ပြီးနောက် ထိုကုသိုလ်နှင့် စပ်၍ဖြစ်သမျှစေတနာကို အပရစေတနာ ဟုခေါ်၏ ။ ထို့ကြောင့် ဒါနပြုပြီးနောက်ထိုဒါနကို

သတိရတိုင်း “အလှူအထမြောက်ပေပြီ ၊ ၀မ်းမြောက်ဖွယ် ကောင်းပေသည် ။ နောက်ထပ် လှူချင်သေးသည်” ဟု ၀မ်းမြောက် ၀မ်းသာ

ဖြစ်နေလျှင် အပရစေတနာ နယ်၌လည်း ကုသိုလ် စေတနာတွေ ထပ်မံတိုးပွားပြန်၏ ။ အလှူပေးပြီးနောက် ပစ္စည်းပျက်ပြား၍ ဖြစ်စေ ၊

ကျောင်းဆောက် ကိုးကွယ်ပြီးနောက် ကျောင်းထိုင် ဘုန်းကြီးအပေါ်၌ မကျေနပ်၍ ဖြစ်စေ “ငါလှူမိတာ မှားလေစွ” ဟု အပရစေတနာ

ပျက်လျှင် အလှူနှင့်စပ်၍ မကျေနပ်ခြင်းဟူသော ဒေါသ အကုသိုလ်ပင် ဖြစ်ပါသေးသည် ။

သတိထားဖွယ်

ဒါနပြုရာ၌ ကျောင်းဆောက်မှု ၊ ဘုရားတည်မှု ၊ အလှူကြီးပေးမှု စသည်တို့ဖြင့် ကြီးကျယ်သော ဒါနလည်းရှိ၏ ။ ဆွမ်း ၊ သင်္ကန်း ၊ ဆေး

အစရှိသည်တို့ဖြင့်လည်းကောင်း ၊ မရှိဆင်းရဲသားတို့အား စွန့်ကြဲပေးကမ်းမှု စသည်တို့ဖြင့်လည်းကောင်း အနည်းအပါး ဒါနလည်းရှိ၏ ။

ထို့တွင် ကြီးကျယ်သော ဒါနတို့၌ အလှူခံပုဂ္ဂိုလ် အတွက်ဖြစ်စေ ၊ သူတစ်ပါးတို့လာရောက် နှောင့်ယှက်သောကြောင့် ဖြစ်စေ

စေတနာပျက်ဖွယ်တွေ (စိတ်ထားမတက်သူ ၊ ဥာဏ်မရှိသူမှာ) များလှ၏ ။ ထို့ကြောင့် ထိုသို့ ဒါန အကြီးအကျယ် လှူရာ၌ မိမိကိုယ်တိုင်

စွမ်းနိုင်သမျှ စဉ်းစားရုံသာမကဘဲ မိတ်ဆွေကောင်းဆရာကောင်းတို့နှင့် တိုင်ပင်ကာ ပုဂ္ဂိုလ်ကောင်းများကို ရွေးချယ်၍

ပြုလုပ်ထိုက်ကြပေသည် ။ အနည်းငယ်ပြုကြသော ဒါနတို့ကားခွေး တိရစ္ဆာန်များကို ကျွေးမွေးရခြင်းသည်ပင် အကျိုးများလှပြီ

ဖြစ်သောကြောင့် အလှူခံပုဂ္ဂိုလ်ကို မရွေးချယ်သော်လည်း အရေးမကြီးလှ ၊ အချို့ အရာ၌ သံဃိတဒါန မြောက်အောင် စိတ်ထား၍

အချို့ အရာဝယ် လှူဖွယ်ဝတ္တုများ၌ မတွယ်တာဘဲ မုတ္တစာဂီ ဖြစ်အောင် စွန့်လွှတ် ပေးကမ်းလှူဒါန်းကြရမည် ။ (မုတ္တ = မတွယ်တာဘဲ

လွတ်လွတ်ကျွတ်ကျွတ် + စာဂီ = စွန့်ကြဲပေးကမ်းလေ့ရှိသူ ) “အလှူခံပုဂ္ဂိုလ်၌လည်း မတွယ်တာ ၊ လှူဖွယ်ပစ္စည်း၌လည်း မတွယ်တာ ၊

နောက်ဘ၀၌ လူနတ်စည်းစိမ်ကိုလည်း မတွယ်တာ မတောင့်တဘဲ နိဗ္ဗာန်ကိုရည်မှန်းလျက် လွတ်လွတ်ကျွတ်ကျွတ် လှူဒါန်းသူ”ဟုဆိုလိုသည် ။

ထေရ၀ါဒ ဗုဒ္ဓဘာသာ၏ ရည်ရွယ်ချက်

ဓမ္မဒါနပြုသည် - ဟိန်း

ကျွန်တော် အခုရေးမယ့်အကြောင်းအရာလေးက ဆရာတော် အရှင်ဇ၀နရေးသားထားတဲ့ မျက်ရည်မကျခင် သိစေချင်ဆိုတဲ့ စာအုပ်မှ

ကူးယူဖော်ပြခြင်းဖြစ်ပါတယ်ခင်ဗျာ ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ မိမိတို့ရဲ့  အဓိက ရည်ရွယ်ချက် ပန်းတိုင်ကိုသိစေချင်တဲ့

စေတနာနဲ့ ပြန်လည်ရေးသားဖော်ခြင်းပါ စာအရေးအသား အနှစ်အရသာ ပျက်မှာစိုး၍ ဆရာတော် ရေးသားထားသည့်အတိုင်း

ဖော်ပြလိုက်ပါတယ်

ထေရ၀ါဒဗုဒ္ဓဘာသာ၏ ရည်ရွယ်ချက်ပန်းတိုင်ကား မဂ်ဥာဏ် ၊ ဖိုလ်ဥာဏ်ကိုရကာ နိဗ္ဗာန်ကိုမျက်မှောက်ပြုရေးပင် ဖြစ်ပါ၏ ။ လောက၌

ဘုရားပွင့်တော်မူခြင်းကလည်း ၄င်းရည်ရွယ်ချက်ကြောင့်ပင်ဖြစ်၏ ။ ထို့ကြောင့်လည်း စလင်းကန်လယ်ဆရာတော်ဘုရားကြီးက……

အိုလူများတို့ ၊ ဘုရားသခင်နှင့် ကိုယ်တိုင်မတွေ့လိုက်ကြရ၍ဘာ ၀မ်းနည်းစရာရှိသလဲ ၊ ယခုအခါ ဓမ္မက္ခန္ဓာ ဘုရားတွေအများကြီး ရှိသေး၏ ။

ကံ ၊ ပါရမီရှိလျှင် ရလိမ့်မည်ဟူ၍သာ အေးစက်စက်နေကြလျှင် အများကြီးနစ်နာကြလိမ့်မည် ။ စာမတက်လို့ ဘာမတက်လို့ လဲမလုပ်ကြပါနှင့် ၊

ဆရာကောင်းနှင့်တွေ့လျှင် ရနိုင်ပါသည် ။ သို့အတွက် အိုလူများတို့ ၊ ယခုအခါ ကံ ပါရမီကိုမေးရန် မလိုပါ ။ ရှင်ဘုရင်သားဖြစ်ပြီး

အိမ်ရှေ့မင်းသားသည် ရှင်ဘုရင်ဖြစ်ရန် ဗေဒင်မေးဖို့မလိုပါ ။မုတ်ဆိတ်ပျားစွဲသူသည် တခြားသွားပြီးပျားဖွတ်ရန်မလို ၊

ရန်သူဝိုင်းထားခံရသူသည် ထွက်ပေါက်သိလျက်နဲ့ မထွက်သော် ၊ ကံပါရမီချဖွယ်မလို ၊ အညစ်အကြေးလူးသူသည် ရေစင်ရှိလျက်မဆေးသော်

ရေ၌အပြစ်ဆိုဖွယ်ရာမလို ၊ မိမိကသာဖျင်းလို့ ၊ အ လို့ န လို့ ဖြစ်သည် ။ အသေနည်းသေးတယ်လို့သာ ဆိုဖွယ်ကောင်းတော့၏ ။

ကြောက်ကြ ၊ လန့်ကြ ၊ ထိတ်ကြ ၊ အိုလူများတို့ ၊ သို့အတွက် တရားအားထုတ်ကြပါကုန်လော့ ။

ဟူ၍ မဂ်ဥာဏ် ဖိုလ်ဥာဏ်ရကြောင်းလမ်းဖြစ်သည့် ၀ိပဿနာတရားကို အားထုတ်ကြရန် အရေးတကြီး တိုက်တွန်းတော်မူခဲ့ပါသည် ။

မဂ်ဥာဏ် ၊ ဖိုလ်ဥာဏ်ရဖို့ အားထုတ်ခြင်းမှာ ရလာသော လူ့ဘ၀မှ အနှစ်သာရထုတ်ခြင်းတစ်ခုပင် ဖြစ်၏ ။ ထိုကဲ့သို့ အနှစ်သာရ

ထုတ်ချင်လာဖို့ရန် ရှေးဦးစွာ လူ့ဘ၀တန်ဖိုး ၊ ဗုဒ္ဓဘာသာဖြစ်ရခြင်း၏ တန်ဖိုးတို့ကို သိရန်လိုအပ်ပါသည် ။

ဗုဒ္ဓဘာသာဝင် ဆိုသည်မှာ

ဓမ္မဒါနပြုသည် - ဟိန်း

ကျနော် အခုဆွေးနွေးမယ့်အကြောင်း အရာလေးက ဗုဒ္ဓဘာသာဝင်စစ်စစ်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်တွေကိုခေါ်ဆိုတယ်.ဗုဒ္ဓဘာသာအမည်ခံ

တွေက ဘယ်လိုဆိုတာလေးကို ဆွေးနွေးပါ့မယ်.. အရင်ဆုံး ဗုဒ္ဓဘာသာ နှင့် ဗုဒ္ဓဘာသာဝင်..ဆိုတာကို သေချာကွဲကွဲ ပြားပြား သိထား

သင့်ပါတယ် ဗုဒ္ဓဘာသာဟူသည် အဘယ်နည်း … ဗုဒ္ဓ၏ အဆုံးအမဟူသမျှ ဘုရားရှင်တော်မြတ် ဟောပြောဆုံးမတော်မူအပ်သော

ဗုဒ္ဓ၏ အဆုံးအမစကားတော်ဟူသမျှသည်… ဗုဒ္ဓဘာသာဟုခေါ်ပါသည်….. ၄င်းကိုအင်္ဂလိပ်ဘာသာဖြင့် Buddhism or Buddha’s

Teaching ဟုဆိုသည်..ဗုဒ္ဓဘာသာ၏ အနက်အဓိပ္ပါယ်ကိုနားလည် သဘောပေါက်ပြီးလျှင် ဗုဒ္ဓဘာသာဝင်ဆိုသောဝေါဟာရ၏အနက်

အဓိပ္ပါယ်ကိုလည်း နားလည်ထားသင့်သည်… ဗုဒ္ဓဘာသာဝင် ဟူသော ဝေါဟာရနှင့် ထပ်တူညီသောပိဋကတ်စာပေ အသုံးအနှုန်းမှာ

ဥပါသကဆိုသော ဝေါဟာရပင်ဖြစ်သည်.. ဥပါသက၏ အဓိပ္ပါယ်မှာရတနာသုံးပါးကိုကိုးကွယ် ဆည်းကပ်သူကိုဆိုသည်….

ဗုဒ္ဓဘာသာဝင်သမိုင်းတွင် ပထမဆုံး ဥပါသကများဖြစ်ကြတဲ့ တပုဿနှင့်ဘလ္လက ကုန်သည် ညီနောင်ကို ဗုဒ္ဓဘာသာဝင်တိုင်းသိမယ်

လို့ထင်ပါတယ်.. ၄င်းတို့ ညီနောင်နှစ်ဥိးသည် ဗုဒ္ဓမြတ်စွာဘုရားကို ဖူးတွေ့စဉ်အခါက သံဃာဟူ၍ မရှိသေးသဖြင့် ဗုဒ္ဓနှင့်ဓမ္မကိုကိုးကွယ်

ရာဟူ၍ ဆည်းကပ်ပါ၏ ဟုလျှောက်ထားပြီး ရတနာနှစ်ပါး အပေါ်သရဏဂုံဆောက်တည်ခဲ့ကြရသည်.. နောက်ပိုင်း ဘုရားရှင်၏တပည့်

တော် ရဟန်းသံဃာများ ပေါ်ပေါက်လာချိန်တွင်ကား ဗုဒ္ဓ ဓမ္မ သံဃာ ဆိုသော ရတနာမြတ်သုံးပါးကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏

ဟု စိတ်တွင် သရဏဂုံ ဆောက်တည်ပြီးသူကို ဗုဒ္ဓဘာသာဝင်ဟု ခေါ်ဆိုပါသည်.. ဒီလောက်ဆိုရင်ဗုဒ္ဓဘာသာ နှင့် ဗုဒ္ဓဘာသာဝင်ကို

သေချာ နားလည်သဘောပေါက် လောက်ပါပြီ… ကျနော်သရဏဂုံအကြောင်းကိုဆက်လက်ဆွေးနွေးပါမယ် … သရဏဂုံမှာလည်း

နှစ်မျိုးရှိပါသည်.. လောကုတ္တရာသရဏဂုံ နှင့် လောကီသရဏဂုံဟူ၍ ထပ်မံခွဲခြားနိုင်သည် … လောကုတ္တရာ သရဏဂုံဆိုသည်မှာ

အရိယာပုဂ္ဂိုလ် သူတော်စင်များ၏ ရတနာမြတ်သုံးပါးပေါ် မမှိတ်မသုန် ယုံကြည်ကိုးကွယ်ခြင်းပင်ဖြစ်သည်… လောကုတ္တရာ သရဏ

ဂုံတည်ပြီးသူသည်ဗုဒ္ဓဘာသာဝင်အဖြစ်မှ မည်သည့်အခါမျှ မဆုံးရှုံး နိုင်တော့ပါ လောကီသရဏဂုံတည်သူမှာကားအခြားဘာသာဝင်

အဖြစ်ခံယူသွားလျှင်ဖြစ်စေ ၊ ဘ၀တစ်ပါးသို့ကူးပြောင်း သွားလျှင်ဖြစ်စေ ဗုဒ္ဓဘာသာဝင်အဖြစ်မှ ဆုံးရှုံးသွားနိုင်သည်. လောကီသရဏဂုံ

တည်သူများကိုလည်း ၄ မျိုးခွဲခြားထားပါသည်

(၁) ရတနာသုံးပါးကို မိမိကိုယ်ကိုစွန့်လွှတ်လှူဒါန်းခြင်းဖြင့် ဆည်းကပ်သူ ။

(၂) ရတနာသုံးပါးသည်သာ ယုံကြည်အားကိုးခြင်းဖြင့် ဆည်းကပ်သူ ။

(၃) ရတနာသုံးပါး၏ တပည့်အဖြစ်ခံယူခြင်းဖြင့် ဆည်းကပ်သူ ။

(၄) ရတနာသုံးပါးကို ဆွေးမျိုးတော်၍ လည်းကောင်း ကြောက်၍သော်လည်းကောင်း လောကီအကျိုးစီးပွားအတွက် သော်လည်းကောင်း

ကိုးကွယ်ဆည်းကပ်ခြင်း မဟုတ်ပဲ လောက၌ အမြတ်ဆုံးဟု သဘောပိုက်ကာရိုသေမြတ်နိုး၍ ကိုးကွယ်ဆည်းကပ်သူများကိုလောကီ

သရဏဂုံတည်သူများဟုခေါ်ပါသည်…ဗုဒ္ဓဘုရားရှင်ဟောကြားသောတရား အဆုံးအမဒေသနာတော်တို့နှင့်အညီ လိုက်နာကျင့်သုံးခြင်း

မရှိသေးသော်လည်း ရတနာမြတ်သုံးပါးကို လောကတွင် အမြတ်ဆုံး ကိုးကွယ်ရာဟု ယုံကြည်ကိုးစားသော စိတ်ဖြစ်ပေါ်ခဲ့လျှင်ပင် ၄င်း

ပုဂ္ဂိုလ်သည် လောကီသရဏဂုံ တည်သွားပြီဖြစ်၍ ဗုဒ္ဓဘာသာဝင်တစ်ဦးဟု ခေါ်ဝေါ်ခြင်းခံထိုက်သွားပြီဖြစ်သည်… ဗုဒ္ဓမြတ်စွာ ဘုရားက

ဗုဒ္ဓဘာသာဝင်များနှင့် အမည်ခံဗုဒ္ဓဘာသာ ၀င်တို့အကြား အနှစ်သာရခြင်း ကွာခြားမှုကိုဒွန်းစဏ္ဍားနှင့်တူသော ဥပါသက(အောက်တန်း

စား ဗုဒ္ဓဘာသာဝင်)နှင့် ပဒုမ္မာကြာနှင့်တူသော ဥပါသက (အထက်တန်းစားဗုဒ္ဓဘာသာဝင်) များဟူ၍ ပိုင်းခြားသတ်မှတ်ခဲ့သည်……

အောက်ပါအင်္ဂါရပ်များနှင့် ပြည်စုံသူတို့ကိုဒွန်းစဏ္ဍားနှင့်တူသော ဥပါသက(အောက်တန်းစားဗုဒ္ဓဘာသာဝင်)များအဖြစ် အဓိပ္ပါယ်ဖွင့်

ဆိုခဲ့ပါသည်……

(၁) ရတနာမြတ်သုံးပါးကို အလွန်ကြည်ညိုမှုမရှိခြင်း ။

(၂) သီလမလုံခြုံခြင်း ။

(၃) အကြား ၊ အမြင် စသောလောကီမင်္ဂလာကိုပြုလုပ်လေ့ ရှိခြင်း ။(ဥပမာ -ဗေဒင် ယတြာ ကိုပြုလုပ်ခြင်း)

(၄) အကြား ၊ အမြင်စသော လောကီမင်္ဂလာကိုယုံကြည်၍ ကံကိုမယုံခြင်း ။(ဥပမာ - ဗေဒင် ယတြာကိုယုံကြည်ခြင်း )

(၅) သာသနာပ၌ အလှူခံရှာ၍ အလှူပေးခြင်းတို့ပင် ဖြစ်သည်

သေချာသုံးသပ်ကြည့်လျှင် ဒွန်းစဏ္ဍားနှင့်တူသော ဥပါသက (အောက်တန်းစားဗုဒ္ဓဘာသာဝင်) များသည်ရတနာမြတ်သုံးပါး အပေါ် မိမိ

အသိဥာဏ်ပညာနှင့်ယှဉ်သော ကြည်ညိုသဒ္ဓါစိတ်မရှိခြင်း ဗုဒ္ဓ၏လမ်းညွှန်အဆုံးအမများအပေါ် ယုံယုံကြည်ကြည် လိုက်နာလေ့မရှိခြင်း

ဖြစ်သည် ။ ထို့ကြောင့် ကိုယ်ကျင့်သီလဆိုင်ရာဗုဒ္ဓ၏ လမ်းညွှန်ချက်များ ပညတ်ချက်များကို မသိကျိုးကျွံပြု၍ အခွင့်သာတိုင်း ချိုးဖောက်

လေ့ရှိသည်.. မိမိကိုယ်ကိုသာ အားထားရာဆိုသော ဗုဒ္ဓ၏ ဒေသနာတော်ကို ကျောခိုင်းပြိး ဖြတ်လမ်းမှ ကြီးပွားမည့်နည်းကိုရှာကြသည်

ကြားရသောအသံ ၊ မြင်ရသော အဆင်းတို့ကို စွဲ၍ အတိတ်နမိတ်ကောက်ယူလေ့ ရှိသောအယူအဆများကို ယုံကြည်စွဲလမ်းသည် ဗေဒင်

ယတြာ ဓာတ်ရိုက် ဓာတ်ဆင် ၊အတိတ်တဘောင် စသည်တို့ကိုအားကိုးသည်… မိမိစေတနာမှ ပေါက်ဖွားလာသော ကံ၏ အကျိုးပေးမှုကို

မယုံကြည်ပဲ မကောင်းသောစေတနာကိုမွေးပြီး ကောင်းသောရလဒ်ကိုသာ လိုချင်ကြသည် ။ထို့ကြောင့် စစ်မှန်သော ဗုဒ္ဓသာသနာတော်မှ

သွေဖည်ယိမ်းယိုင်နေသည့် ကယ်တင်စောင်မနိုင်သည် ဆိုသူများကို အားကိုးတစ်ကြီး ကိုးကွယ်ပူဇော်ကြသည်သူရဿတီဘိုးတော်များ

သာသနာပမယ်တော်များ ၊ နတ်စာရင်းမ၀င်သော သုံးဆယ့်ခုနစ်မင်းနတ်များ ၊ ဗေဒင်ဆရာများ ထိုသူများကိုဆည်းကပ်လေ့ရှိကြသည်

ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင် ဟောကြားခဲ့သည့် သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားတော်နှင့်အညီလိုက်နာနေထိုင်ကျင့်ကြံရန်ကားစိတ်ကူး

ထဲပင် မထည့်ကြပင်…. ဗုဒ္ဓဘုရားရှင်က အောက်ပါအင်္ဂါရပ်များနှင့်ပြည့်စုံသူများကိုမူ ပဒုမ္မာကြာနှင့်တူသော ဥပါသက( အထက်တန်းစား

ဗုဒ္ဓဘာသာဝင်)များအဖြစ်သတ်မှတ်တော်မူခဲ့သည်…..

(၁) ရတနာသုံးပါးကို မမှိတ်မသုန် ကိုးကွယ်ကြည်ညိုခြင်း ။

(၂) သီလ လုံခြုံခြင်း ။

(၃) လောကီမင်္ဂလာကို မပြုလုပ်ခြင်း ။

(၄) အကြား ၊အမြင်စသော လောကီမင်္ဂလာကို မယုံဘဲကံကိုသာ ယုံကြည်ခြင်း ။

(၅) သာသနာတွင်း၌သာ အလှူခံပုဂ္ဂိုလ်ရှာ၍ အလှူပေးခြင်းတို့ပင် ဖြစ်သည် ။

အထက်ကဖော်ပြခဲ့တဲ့ ဒွန်းစဏ္ဍားနှင့်တူသော ဥပါသကများနှင့် ပြောင်းပြန်ဖြစ်သည် ။

ပဒုမ္မာကြာနှင့်တူသော ဥပါသကများသည် ရတနာမြတ်သုံးပါး အပေါ်အသိဥာဏ်ပညာနှင့် ယှဉ်လျက် မမှိတ်မသုန်ကိုးကွယ်ကြည်ညို

သောကြောင့် ဗုဒ္ဓ၏ အဆုံးအမစကားတော်များနှင့်အညီ လိုက်နာကျင့်သုံးနေထိုင်လေ့ရှိကြသည်ထို့ကြောင့် ကိုယ်ကျင့်သီလမြဲမြံသည်

မိမိဘ၀ကြီးပွားတိုးတက်ရေးအတွက် မိမိကိုယ်ပိုင် ကံ ၊ ဥာဏ် ၊ ၀ီရိယမှတစ်ပါးအခြားကိုးကွယ်ရာ မရှာတော့ပေ… မှန်ကန်စွာ ကျင့်ကြံ

မှန်ကန်စွာပြောဆိုပြီး ၊ မှန်စွာလုပ်ကိုင်ဆောင်ရွက်နေသူများဖြစ်သဖြင့် မည်သူ့ကိုမျှ ထိတ်လန့်ခြင်း ကြောက့်ရွံခြင်း မဖြစ်တော့ပေ

ထိုသူမျိုးသည် ပြဿဒါး ရက်ရာဇာ စသည့်တို့ကိုထည့်စဉ်းစား နေစရာမလိုတော့ပါ ။ထို့အတူဗေဒင် ၊ ယတြာ ၊ နတ်များ ၊ ဘိုးတော်

များကိုလည်း ကိုးကွယ် အားကိုးခြင်းမရှိတော့ပါ ။ဘုရား ၊ တရား ၊ သံဃာ တည်းဟူသော ရတနာမြတ်သုံးပါးကိုသာ ကိုးကွယ်ဆည်းကပ်

နေသူ ဖြစ်၍အခြားမည်သည့် အယူဝါဒမတူသူက ခြောက်ပြီး မြှောက်ပြီး ဆွဲဆောင်စေကာမူ ကြောက်ခြင်း မြောက်ခြင်း မဖြစ်တော့ပဲစစ်

မှန်သော ဗုဒ္ဓဘာသာဝင်တစ်ဦးအဖြစ် ရာသက်ပန်မတုန်မလှုပ် နေထိုင် ကျင့်ကြံသွားသူများပင် ဖြစ်သည်..အခုဆိုရင် စာဖတ်သူများအနေ

ဖြင့် အထက်တန်းစား ဗုဒ္ဓဘာသာဝင်နှင့် အောက်တန်းစားဗုဒ္ဓဘာသာဝင်ဘယ်လိုကွဲပြားခြားနားတယ်ဆိုတာနားလည်သဘောပေါက်

လောက်ပါပြီ ။ သို့ဖြစ်၍ ဗုဒ္ဓဘာသာဝင်ဟု အမည်ခံထားသူများအနေဖြင့် မိမိတို့ကိုယ် မိမိတို့ အထက်တန်းစား ဗုဒ္ဓဘာသာဝင်များလော

အောက်တန်းစားဗုဒ္ဓဘာသာဝင်များလောဟုပြန်လည်ဆန်းစစ် ကြည့်သင့်ပေသည် ။ အထက်တန်းစားဗုဒ္ဓဘာသာဝင်များဖြစ်လာအောင်

လည်း ကြိုးပမ်းသွားဖို့အထူးလိုအပ်လှပေသည်ဟု တိုက်တွန်းရင်း ကျနော့်ဆွေးနွေးချက်ကို ဒီမှာပဲနိဂုံးချုပ်လိုက်ပါတယ်အထက်တန်းစား

ဗုဒ္ဓဘာသာဝင်များဖြစ်ကြပါစေဗျာ……

ဆရာဝင်းသိန်းဥိးရေးသားတဲ့ ရှေးဘ၀နောက်ဘ၀ ဗုဒ္ဓမဝေဖန် နှင့် ဓမ္မစာစုများ ဆိုသည့်စာအုပ်မှ ကိုးကားရေးသားပါသည်

ဗုဒ္ဓရုပ်ပွားတော် ကိုးကွယ်ခြင်းနဲ့ ပတ်သက်ပြီး ကျနော်ဆွေးနွေးတင်ပြချင်ပါတယ် ပရိနိဗ္ဗာန် စံလွန်တော်မူပြီးကြကုန်သော ဘုရားရှင်တို့၏ရုပ်ပွား ဆင်းတုတော်တို့ကို သက်တော် ထင်ရှား ရှိသကဲ့သို့ ကိုးကွယ်ဆည်းကပ်ကြလျှင် သက်တော်ထင်ရှားရှိသော ဘုရားရှင်တို့အား လှူဒါန်း ပူဇော်ဆည်းကပ်ရသည့် အကျိုးသည် တူညီကြောင်း ဗုဒ္ဓဘုရားရှင်က ဟောကြားတော်မူခဲ့ပါသည် ။ ဘုရားဟော ဒေသနာတော်ကို ထောက်ရှု့ခြင်းအားဖြင့် မည်သည့် ရုပ်ပွားတော်ကိုမှ ကိုးကွယ်ဆည်းကပ်ရမည် ၊ မည်သည့်ရုပ်ပွားတော်ကို မကိုးကွယ် မဆည်းကပ်ရ ဟူ၍ ခွဲခြား၍ ဟောကြားတော်မူခဲ့မှာ မဟုတ်ကြောင်း နားလည်သဘောပေါက်မှာပါ ။

ရုပ်ပွားဆင်းတုတော်ကို ကိုးကွယ်ဆည်းကပ်ခြင်းနှင့် ပတ်သက်၍ သက်တော်ထင်ရှား ဘုရှားရှင်ကို ကိုးကွယ်ဆည်းကပ်ရသကဲ့သို့ တူညီသော အကျိုးကို ရရှိနိုင်ကြောင်း ခိုင်မာသော အထောက်အထားရှိသော်လည်း ဗုဒ္ဓစကားတော်ကို သွေဖယ်ဝံ့ကြသော သူတို့သည် ဗုဒ္ဓဘာသာဟု မဆိုနိုင်တော့ပါ ။ဗုဒ္ဓရုပ်ပွား ဆင်းတုတော်သည် ကိုးကွယ်ဆည်းကပ်သူတို့အား မခိုက်ပါ (ဒုက္ခမဖြစ်စေပါ) ။

ဗုဒ္ဓရုပ်ပွားတော်များအား မရိုသေလျှင် (ရိုသေရာ မရောက်လျှင်) ထိုအကုသိုလ်ကပင် ဒုက္ခဖြစ်စေပါသည် ။ဇာတံ သရဏတော ဘယံ ကိုးကွယ်ရာမှာ ဘေးမဖြစ်ကြစေရန်သတိထားကြရမည် ဖြစ်သည် ။ယနေ့မျက်မှောက်ခေတ်ကာလ၌ ဘေးကိုကြောက်သောကြောင့်လည်းကောင်း ၊ လာဘ်လာဘ ရစေခြင်းဌာ လည်းကောင်း ၊ အချို့ သူများလည်း ဘုရားခန်းကြီး ဟည်းနေပြီး ရောက်လာကြသူများ အထင်ကြီးစေရန် မြန်မာတစ်ပြည်လုံးက ကျော်ကြားသမျှသော ကိုးကွယ်ရာ အားလုံးတို့၏ ပုံမျိုးစုံတို့ကို အခမ်းအနား တစ်ခု ပြင်ဆင်ထားသည့်နှယ် ကိုးကွယ် (ချိတ်ဆွဲ) ထားကြလေသည် ။

ဘိုးတော် ၀ိဇ္ဇာ ဇော်ဂျီ နှင့် နတ်ရုပ်တုတို့သည် ဘုရားရှင်နှင့် တစ်တန်းတည်း ထားပြီး မကိုးကွယ်သင့်ပါ ။ ကိုးကွယ်ဆည်းကပ်ပါက ဘုရားရှင်ကို အဂါရ၀ (မရိုသေ မလေးစား) ခြင်း ဖြစ်စေပါတယ် ။ နောက်ထပ် ဆင်ခြင်ဖွယ်ရာ ကောင်းသော ကိစ္စတစ်ခုရှိပါသေးသည် ။ ဘုရားရှင် ရုပ်ပွားတော်နဲ့ ပုံတော်တို့ကို ပိုက်ဆံအိပ် ၊ အိတ်ကပ်ထဲသို့ ထည့်သွင်း၍ ဆောင်ထားကြခြင်းသည် အဂါရ၀ ဖြစ်စေပါတယ် မိမိသည် ဘယ်လိုနေရာတွေကို သွားတက် လာတက် ၀င်တက် ထွက်တက်သနည်းဟု ပြန်လည်စဉ်းစားကြည့်လျှင် အမြဲဝင်ထွက်သွားလာနေသော နေရာသည် အိပ်ခန်းနှင့် အိပ်သာပင် ဖြစ်သည် ။

အဲလိုနေရာမျိုးတွေမှာ ဘုရားရှင်၏ ရုပ်ပွားတော် ပုံတော် တို့နှင့် သင့်မသင့် မိမိဥာဏ်ဖြင့် ချင့်ကြည့်ဖို့ လိုအပ်လှပါတယ် ။ ကျနော်တို့ နိုင်ငံ၌ ဗုဒ္ဓဘာသာ ဟုခံယူထားကြသော အချို့  အိမ်များမှာလည်း ဧည့်ခန်း၌ ည့်ခံဘုရား လုပ်ထားကြသည်ကို တွေ့ဘူးကြမှာပါ ။ ဆွမ်းတော် ပန်းတော်မရှိ တစ်အိမ်လုံး တွင်မီးခိုးများ တအူအူထနေသည့်အထဲ အမွှေးတိုင်ဟု ခေါ်နေကြသော မန်ကျည်းသား အမှုန့်တို့ဖြင့် ရှို့မြိုက်ထားကြ၏ ။ ကြောင်တစ်ကောင် သောက်၍ မ၀လောက်သော ရေတစ်ခွက်ဖြင့်လည်း တစ်နေကုန်မလဲပဲ ကပ်လှူထားကြပါတယ် ။ တစ်ခါတစ်ရံ ဌက်ပျောသီး စသော သစ်သီးစိမ်းများ ကပ်လှူသူများလည်း ရှိပေသေးသည် ။ သေချာစဉ်းစားကြည့်ကြပါခင်ဗျာ မိမိတို့၏အထွက်အမြတ်ထားတဲ့ ဘုရားရှင်ကို ဖြစ်သလိုမကပ်လှူသင့်ပါ သံဃာတော် တစ်ပါးကိုဆွမ်း ၊ ခဲဘွယ် ကပ်လှူသလို ဘုရားရှင်သက်တော်ထင်ရှား ရှိသလို စိတ်မှာ ရည်မှတ်ပြီး ကပ်လှူသင့်ပါတယ် ။

အမရပူရမြို့  မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီးသည် ကျောင်းတိုက်အတွင်းရှိ ကျောင်းများအပေါ်ဝယ် ဗုဒ္ဓဘုရားရှင် ရုပ်ပွားတော်မြတ်များကို ထားခွင့်မပြုပါ ။ ဂန္ဓာကုဋိ (ဘုရားတိုက်ကျောင်း) တစ်ကျောင်း၌သာ ကြည်ညိုဖွယ်ရာ ဖြစ်အောင် ထားရှိစေတော်မူပါသည် ။ ဆရာတော်ရဲ့  ရည်ရွယ်ချက်ကတော့ ရဟန်းသာမဏေငယ်တို့သည် ကိုယ်အမူအရာ နှုတ်အမူအရာများ မဆင်မခြင် ပြုလုပ်ပြောဆိုမိကြလျှင် ကုသိုလ် တစ်ပဲ ငရဲ တစ်ပိဿာဆိုသကဲ့သို့ ကုသိုလ်ရဖို့ထက် အကုသိုလ်ဖြစ်ဖို့က များဟန်ရှိသောကြောင့် ဤသို့တားမြစ်တော်မူခြင်းဖြစ်သည် ။

ဗုဒ္ဓဘုရားရှင်၏ ရုပ်ပွားတော်ကို မလျော်သော ကိုးကွယ်နည်းဖြင့် ပူဇော်ထားသူတို့၏ နေအိမ်ကိုကြည့်လျှင် ၄င်းအိမ်သည် ပြောင်မြောက်တိုးတက်မှု ရှိလိမ့်မည် မဟုတ်ပါ ။ ထို့ကြောင့် ရုပ်ပွားတော်ကို မပူဇော်လျှင် (အိမ်မှာမထားရှိလျှင်) ဘာမှမဖြစ်ပေမယ့် ထားလျှင် ထားသည့် အလျောက်ရိုသေစွာ ပူဇော်ရသော် ကုသိုလ်များရကြမည် ဖြစ်သကဲ့သို့ မရိုသေလျှင် (အဂါရ၀ဖြစ်လျှင်) အကုသိုလ်တွေဖြစ်နေမှာ အမှန်ပါ ။ကျနော်တို့လက်တွေ့မြင်တွေ့နေတာလေးတွေကတော့ ကတ္တရာလမ်းမပေါ်မှာ ဗုဒ္ဓဘုရားရှင်ပုံတော်များကို စုပုံရောင်းချနေသူများ ၊ ဗုဒ္ဓရုပ်ပွားတော်များကို ရှေးဟောင်းပစ္စည်း ဟုတ် မဟုတ် ပြဒါးစိမ်ကြည့် ကြသူများ ၊ တံစဉ်းတိုက်ကြည့်ကြသူများ ၊ ငရဲမီး (ပန်းတိမ်သုံး) ဖြင့် တို့ကြည့်ကြသူများကို ဗုဒ္ဓဘုရားရုပ်ပွားတော်က ဘာမှမလုပ်ပေမယ့် မိမိတို့ပြုတဲ့ ကောင်းကျိုး ဆိုးကောင်း ကံတွေကို ခံစားရမှာ အမှန်ပါ ။ဖြစ်နိုင်ရင် မိမိတို့သေချာ ကိုးကွယ်ဆည်းကပ်ခြင်းမပြုနိုင်ရင် ဘုရားပုံတော် ရုပ်ပွားတော် ကိုမိမိတို့နေတဲ့ အခန်းမှာ မထားတာအကောင်းဆုံးပါ ကုသိုလ်ထက် အကုသိုလ်များနေမှာ စိုး၍ စေတနာနှင့် အကြံပြုခြင်းပါခင်ဗျား ။

ဗုဒ္ဓဘာသာ အရေး ဓမ္မဒဿန အတွေးအမြင်များ စာအုပ်မှ ကိုးကားပြီး ရေးသားပါသည် ။

သရဏဂုံတည်ခြင်း အကျိုး

ဓမ္မဒါနပြုသည် - ဟိန်း

ဘုရား တရား သံဃာ ရတနာသုံးပါးကို ယုံကြည်ဆည်းကပ်ခြင်းသည် သရဏဂုံတည်ခြင်း ဖြစ်ပါသည် ။

သရဏဂုံတည်ခြင်း အကျိုး (၅) မျိုးရှိပါတယ်

(၁) ဘယ - ဘေးရန်ကင်းရှင်း စေပါသည် ။

(၂) သန္တာသ - ကြောက်ရွံမှု ပူလောင်မှု မှန်သမျှကို ပျောက်ကင်းစေပါသည် ။

(၃) ဒုက္ခ - ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းကိုလည်း ပျောက်ကင်းစေပါသည် ။

(၄) ဒုဂတိ - အပါယ်လေးဘုံ ကျရောက်မည့် ဘေးကိုလည်း ပယ်ပျောက်စေပါသည် ။

(၅) ပရိကိလေသ - မိမိစိတ်၏ ညစ်နွမ်းမှု မှန်သမျှတွေကိုလည်း ပယ်ပျောက်စေပါသည် ။

သရဏဂုံ ဆောက်တည်ရခြင်းအကြောင်း ကတော့ လေးမျိုးရှိပါတယ်

(၁) မိမိကိုယ်တိုင် ယုံကြည်မှု မရှိပဲ အမျိုး အမှတ်ဖြင့် ကိုးကွယ်ခြင်းဟာ သရဏဂုံမမြောက်ပါ ။

(၂) ဘေးအန္တရာယ်ကို ကြောက်သောအားဖြင့် ကိုးကွယ်ခြင်းဟာ သရဏဂုံမမြောက်ပါ ။

(၃) လာဘ် လာဘ ကိုမျှော်ကိုးပြီး ကိုးကွယ်ခြင်းဟာလည်း သရဏဂုံမမြောက်ပါ ။

(၄) မြတ်သောအလှူကိုခံတော်မူထိုက်သောအားဖြင့် ကိုးကွယ်ခြင်းဟာ သရဏဂုံမြောက်ပါတယ် ။

အပေါ်က ရေးသားထားတဲ့ သရဏဂုံဆောက်တည်ရခြင်းအကြောင်း လေးမျိုးထဲက မိမိတို့ ဘယ်ကိုးကွယ်မှုထဲမှာ ပါတယ်ဆိုတာကို ဆင်ခြင်နိုင်အောင် ရေးသားဖော်ပြလိုက်ပါတယ်ခင်ဗျာ..မှန်ကန်တဲ့ ကိုးကွယ်ခြင်းနဲ့ သရဏဂုံမြဲတဲ့ သူတော်ကောင်းများဖြစ်ကြပါစေ……

ပါရမီ (၁၀)ပါး

ဓမ္မဒါနပြုသည် - ဟိန်း

၁။ ဒါန = ပေးလှူခြင်း ။

၂။ သီလ = ကိုယ်နှုတ်စောင့်ထိန်းခြင်း ။

၃။ နေက္ခမ္မ = ကိလေသာတောမှထွက်ခြင်း ။

၎။ ပညာ = အကြောင်းအကျိုး ဆင်ခြင်ထိုးထွင်းသိခြင်း ။

၅။ ၀ီရိယ = အားစိုက်ကြိုးစား လုံ့လရှိခြင်း ။

၆။ ခန္တီ = သည်းခံခြင်း ။

၇။ သစ္စာ = ဖြောင့်မတ်/မှန်ကန်ခြင်း ။

၈။ အဓိဋ္ဌာန် = အဓိဋ္ဌာန်တည်ဆောက်ခြင်း၊ ပြတ်သားသောဆန္ဒ ။

၉။ မေတ္တာ = စင်ကြယ်သောချစ်ခြင်း ။

၁၀။ ဥပေက္ခာ = လစ်လျူရှုခြင်း/အသင့်အားဖြင့် ။

အတိုမှတ်ရန် …ဒါ ၊ သီ ၊ တော ၊ ပ ၊ အား ၊ ခံ ၊ ဖြောင့် ၊ ဌာန် ၊ ပွား ၊ လစ်လျူ ။

ဘုရားဂုဏ်တော် (၉)ပါး

ဓမ္မဒါနပြုသည် - ဟိန်း

(၁) အရဟံ

(က) အရဟံ = လူနတ် ဗြဟ္မာတို့၏ ပူဇော်အထူးကို ခံထိုက်ခြင်း။

(ခ) အရ ဟံ = ကိလေသာရန်သူတို့ကို ပယ်သတ်တော်မူပြီးဖြစ်ခြင်း။

(ဂ) အ ရဟံ = ဆိတ်ကွယ်ရာ၌ပင် မကောင်းမှု မပြုခြင်း။

(၂) သမ္မာသမ္ဗုဒ္ဓ = အလုံးစုံသောတရားတို့ကို ဆရာမရှိပါဘဲ ပါရမီစွမ်းအားဖြင့်သိခြင်း။

(၃) ၀ိဇ္ဇာစရဏသမ္ပန္န = အသိဥာဏ် (၀ိဇ္ဇာ)၊ အကျင့်တရား (စရဏ) တို့နှင့် ပြည့်စုံခြင်း။

(၄) သုဂတ = ကောင်းမြတ်သောစကား (သီလ၊ သမာဓိ၊ ပညာ) ကိုသာပြောခြင်း (ကောင်းသောလာခြင်း သွားခြင်း)

(၅) လောက၀ိဒူ = လောကကြီးသုံးပါးကို သိခြင်း။ (သတ္တ၊ သြကာသ၊ သင်္ခါရ)

(၆) အနုတ္တရောပုရိသ = ရိုင်းစိုင်းသော တိရိစ္ဆာန်၊ လူ၊ နတ်တို့ကို ယဉ်ကျေးသိမ်မွေ့အောင် ဆုံးမခြင်း။

(၇) သတ္ထာဒေ၀ မနုဿာနံ = လူ နတ် ဗြဟ္မာ သတ္တ၀ါ အားလုံးတို့၏ ဆရာဖြစ်ခြင်း။

(၈) ဗုဒ္ဓ = အမှန် (သစ္စာ) တရားလေးပါးကို သိခြင်း၊ ဟောကြားပြသခြင်း။

(၉) ဘဂ၀ါ = ဘုန်းတော် (၆) ပါးနှင့်ပြည့်စုံခြင်း။

တရားဂုဏ်တော် (၆)ပါး

ဓမ္မဒါနပြုသည် - ဟိန်း


(၁) ဟော = ဘုရားကိုယ်တိုင်ဟောခြင်း။

(၂)ကိုယ် = ကျင့်ကြံသူအတွက် မျက်မှောက်ဘ၀၌ပင် ကိုယ်တိုင်ရှုမြင်နိုင်ခြင်း။

(၃) ဆိုင်း = ရှုပွားသူအတွက် မဂ်ပြီးလျှင် ဖိုလ်အချိန်မဆိုင်းဘဲဖြစ်ခြင်း။

(၄) ဖိတ် = တရားနှင့်ပတ်သက်ပြီး ရဲရဲဝံ့ဝံ့ ဖိတ်ခေါ်ရဲခြင်း။

(၅) ကပ် = မိမိသန္တာန်၌ အစဉ်ကပ်၍ ဆောင်ထားသင့်ခြင်း။

(၆) လက် = မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ဓမ္မရသကိုလက်တွေ့ခံစားနိုင်ခြင်း။

သံဃာဂုဏ်တော် (၉)ပါး

ဓမ္မဒါနပြုသည် - ဟိန်း

(၁) ကောင်း = ကောင်းသောအကျင့်ရှိခြင်း။

(၂) ဖြောင့် = ဖြောင့်မတ်စွာကျင့်ကြံခြင်း။

(၃) နိဗ် = နိဗ္ဗာန်ရောက်ရေးကျင့်ခြင်း။

(၄) လော = လောကုတ္တရာတရားနဲ့ အညီကျင့်ခြင်း။

(၅) ဝေး = အဝေးကသယ်ဆောင်လာသည့် ပစ္စည်းကိုပင် ခံယူထိုက်ခြင်း။

(၆) ဧည့် = ဧည့်သည်အတွက် အထူးစီမံထားသည့်ပစ္စည်းကိုပင် အလှူခံထိုက်ခြင်း။

(၇) မြင့် = မြင့်မြတ်သောအလှူကို ခံထိုက်ခြင်း

(၈) လက် = လက်အုပ်ချီမိုး ရှိခိုးခြင်းကို ခံထိုက်ခြင်း။

(၉) လယ် = သတ္တ၀ါအပေါင်းတို့၏ ဒါနမျိုးစေ့ စိုက်ပျိုးရာ လယ်မြေ ကောင်းဖြစ်ခြင်း။

အပြည့်အစုံသို့

ပြန်သိမ်းရန်

အပြည့်အစုံသို့


(၁) ဘုရား တရား သံဃာ သံရဏဂုံသုံးပါး စွဲမြဲတဲ့ပုဂ္ဂိုလ်

(၂) ငါးပါးသီလမြဲသော ပုဂ္ဂိုလ်

(၃) အာရုံဆွမ်း နေဆွမ်း နေ့စဉ် လှူဒါန်းတဲ့ပုဂ္ဂိုလ်

(၄) စာရေးတံမဲ လှူဒါန်းတဲ့ ပုဂ္ဂိုလ်

(၅) ၀ါဆိုသင်္ကန်းလှူဒါန်းတဲ့ ပုဂ္ဂိုလ်

(၆) ရေတွင်းရေကန် လှူဒါန်းတဲ့ ပုဂ္ဂိုလ်

(၇) ကျောင်းဆောင်လှူဒါန်းတဲ့ ပုဂ္ဂိုလ်

အဲဒီပုဂ္ဂိုလ်များ သေရင် အပယ်မကျပါဘူး ဆရာတော်အရှင်ဇ၀နဟောကြားတဲ့ ဗုဒ္ဓဘာသာအခြေခံ တရားတော်များထဲမှာ နားကြားရလို့ ပြန်လည်မျှဝေလိုက်ပါတယ် လှူတဲ့အခါမှာစိတ်ထားတက်ဖို့တော့လိုပါတယ်ခင်ဗျာ..

သမ္မာအာဇီဝ

ဓမ္မဒါနပြုသည် - ဟိန်း


ကျနော်သမ္မာအာဇီဝ အလုပ်အကြောင်းလေး နဲနဲရေးပြချင်ပါတယ် သမ္မာအာဇီဝဆိုပြီး စေတသိက် ၃ မျိုး ခွဲခြားဖော်ပြထားရာ၌ သမ္မာအာဇီဝဆိုသည်မှာ အသက်မွေးမှုကိုငဲ့၍ ၀စီကံလေးပါးကို လွန်ကျူးမှုမှ ရှောင်ကြဉ်ခြင်း ၊ ကာယကံသုံးပါးကို လွန်ကျူးမှုမှ ရှောင်ကြဉ်ခြင်း ဖြစ်ပါသည် ။ ဥပမာအားဖြင့် ထင်ရှားအောင် ဖော်ပြရသော် ပါဏာတိပါတဆိုင်ရာ၌ ရိုးရိုးသာမန် တောပစ်ဝါသနာပါ၍ တောလည်ထွက် သားကောင်များကို အပျော်သဘောပစ်သတ်ခြင်းသည် ရိုးရိုးပါဏာတိပါတကံပင် ဖြစ်ပါသည် ။ မုဆိုးအလုပ်ဖြင့် သားကောင်များကိုရှာဖွေ ပစ်သတ်၍ အသားကို ရောင်းပြိး အသက်မွေးခြင်းသည် မိစ္ဆာဇီဝ ဖြစ်သည် ။ ဤကဲ့သို့ သားသတ်မုဆိုးအဖြစ် စွန့်ပစ်ပြီး အခြားအသက်မွေးမှုများကို ပြုလျှင် သမ္မာအာဇီဝဖြစ်ပါသည် ။ ဤဥပမာအတိုင်း ခိုးဝှက်၍ အသက်မွေးမှု ၊ လိမ်လည်လှည့်ဖြား၍ အသက်မွေးမှုတို့သည်လည်း တူတူပင်ဖြစ်ပါသည် ။ ထိုကဲ့သို့ ဒုစရိုက်မှုတို့မှ ကင်းရှင်းသော လုပ်ကိုင်ရှာဖွေ အသက်မွေးမှုတို့ကို သမ္မာအာဇီဝ ဟု ခေါ်ရသဖြင့် ဗုဒ္ဓဘာသာဝင် သူတော်စင်တိုင်းသမ္မာအာဇီဝဖြင့်အသက်မွေးနေထိုင်ရန်ကြိုးစားသင့်လှကြောင်းတိုက်တွန်းလိုက်ပါတယ်ခင်ဗျာ….

ဘာသာရေးပြဿနာများစာအုပ်မှ ကိုးကားဖော်ပြပါသည် ။

ပါရမီ

ဓမ္မဒါနပြုသည် - ဟိန်း

ယနေ့ခေတ်တွင် လူအများစုက ကလေးများ အကတက်လွယ်သည် ၊ အဆိုတက်လွယ်သည် ၊ အတီးတက်လွယ်သည် စသဖြင့် ပါရမီရှိ၍ ဖြစ်သည်ဟု ထင်နေကြပါသည် ။ ပါရမီရှင် ကလေး စသဖြင့်လည်း ခေါ်နေ ပြောနေကြပါတယ် ။ တကယ်တော့ ပါရမီဆိုတာကို ဒါနာဒီနံ ဂုဏာနံ ပါလကော ပူရကောစ မဟာ မဟာဗောဓိ သတ္တော ၊ ပရမဿ ကမ္မံဝါ ပါရမီ ၊ ဒါနာဒိကိရိယာ စသည်ဖြင့် ဆိုပါသည် ။ ဘုရားဖြစ်ရာ သဗ္ဗညုတဥာဏ်၏ အကြောင်း မြင့်မြတ်သော ဒါနစသည်ကိုသာ ပါရမီဟု ဆိုသည် ။ ဘုရားအလောင်းတော်တို့သည်ပင် ရိုးရိုးပညာသင်ခြင်း ၊ တက်ခြင်း ၊ တိုင်းပြည်အုပ်ချုပ်ခြင်း ၊ စစ်တိုက်ခြင်း ၊ ကခြင်း ၊ သီဆိုခြင်း အရာရာ တက်မြောက်အောင် အားထုတ်ခြင်းတို့ကို ပါရမီဟု မဆိုရပါ ။ လူ့ဘ၀ အားလျော်စွာ မိဘလုပ်ကျွေးခြင်း ၊ သားမယားတို့အတွက် စီးပွားရှာခြင်း ၊ ပေးကမ်းခြင်း ၊ ဈာန်တရားတို့ကို အားထုတ်၍ ဈာန်ရခြင်း ၊ တန်ခိုးဖန်ဆင်း ခြင်းတို့ကိုလည်း ပါရမီဟု မခေါ်ရပါ ။ ပါရမီဆိုသည်မှာ ဗောဓိဥာဏ်ရရန် ၊ မဂ်ဖိုလ်ရရန် ရည်သန်၍ ဒါန ၊ သီလ စသည်တို့ကို ပြုလုပ်ခြင်းကိုသာ ခေါ်ပါသည် ။ ရိုးရိုးလောကီကိစ္စများကို ပါရမီ ဟုမခေါ်ပါ ။ ဥာဏ်ကောင်းခြင်း ၊ သင်ကြား၍တက်လွယ်ခြင်း တို့မှာ အထုံဝါသနာ နှင့် ဣနြေတရားတို့ ပြည့်စုံခြင်းကြောင့်သာ ဖြစ်သည်ဟု ဆိုသင့်ပါသည် ။

သရဏဂုံ ညှိုးနွမ်းမှု

ဓမ္မဒါနပြုသည် - ဟိန်း

ဗုဒ္ဓဘာသာ အများစု ထင်နေတဲ့ ဘာသာခြားကို ရှိခိုးလျှင် သရဏဂုံ ပျက်တယ် တိတ္ထိကို မရှိခိုးရဘူး စသဖြင့် ထင်နေတဲ့ အမှားလေးကို သိစေချင်လို့ ရေးသားဖော်ပြခြင်းပါ ။တကယ်တော့ ဘာသာခြားဖြစ်ဖြစ် ၊ တိတ္ထိဖြစ်ဖြစ် မိမိအပေါ်မှာ ကျေးဇူး ရှိဖူးရင် ရှိခိုးထိုက် ပါတယ် ။ သရဏဂုံယူပြီး ၊ ရပြီး ၊ တည်ပြီးသော အမျိုးကောင်းသား ၊ အမျိုးကောင်းသမီး ၊ ဥပါသကာ ၊ ဥပါသိကာမ တို့သည် ကျေးဇူးရှင် ဖြစ်ဖူးသော ဘာသာခြားတို့အား ရှိခိုး (ဂါရ၀ပြု)သော်လည်း သရဏဂုံ ညှိုးနွမ်းမှု ၊ ပျက်ယွင်းမှု မရှိကြောင်းကို သီလက္ခန္ဓ၀ဂ္ဂ ၊ ဒီဃနိကာယ် ၊ သာမည ဖလသုတ် ၊ အဌကထာ စာမျက်နှာ ၂၀၇ တွင် ပါရှိသည် ။ ဤတွင် ဧ၀ံ ဂတိတသရဏဿ စဥ သကဿဝါ ဥပါသိကာယ၀ါ အညတိတ္ထိယေသု ၊ပဗ္ဗဇိတမ္ပိဥာတိ ဥာတကောမေ အယန္တိ၀န္ဒတော ။ သောဟိ ရဌပူဇိ တတ္တာ အ၀န္ဒီယမာနော အနတ္တမ္ပိ ကရေယျာတိ ။ တထာ ယံကိဉ္စိ သိပ္ပံ သိက္ခာပကံ တိတ္ထိ ယမ္ပိ အာစရိ ယော မေအယန္တိ ၀န္ဒတောပိ နဘိဇ္ဇတိ ဟူ၍ ဖော်ပြထားသည် ။
အကျဉ်းချုပ် မြန်မာပြန်ရလျှင် သရဏဂုံ ယူပြီးသော ဥပါသကာ ၊ ဥပါသိကာမတို့သည် တိတ္ထိတို့ထံ၌ ရဟန်းပြုပြိးသော ဆွေမျိုးကို ဆွေမျိုး အမှတ်ဖြင့် ရှိခိုး(ဂါရ၀) ပြုသော်လည်း သရဏဂုံ မပျက်ပါ ။ တိတ္ထိ ရဟန်းမဟုတ်သော လူကို ရှိခိုးလျှင် ပို၍ မပျက်ပါ ။ မင်းကိုကြောက်၍ သော်လည်းကောင်း ၊ ရှိမခိုးလျှင် အကျိုးမဲ့ပြုမည်ကို ကြောက်၍သော် လည်းကောင်း ရှိခိုးသော်လည်း သရဏဂုံ မပျက်ပါ ။ အတက်သင်ပေးသော ကျေးဇူးရှိသော တိတ္ထိအယူမှားရှိသူတို့ကို ဆရာဟူသော အမှတ် ၊ ကျေးဇူးရှင်ဟူသော အမှတ်ဖြင့် ရှိခိုး (ဂါရ၀) ပြုသော်လည်း သရဏဂုံ မပျက်ကြောင်းကို ရေးသားတင်ပြလိုက်ပါတယ် ။

မြတ်မင်္ဂလာ ဘာသာရေး အမေးအဖြေများ စာအုပ်မှ ကူးယူဖော်ပြခြင်းဖြစ်သည်။

စိတ်

ဓမ္မဒါနပြုသည် - ဟိန်း

ကျနော် စိတ်အကြောင်းလေးကို အနည်းငယ်တင်ပြချင်ပါတယ် ။ သက်ရှိသက်မဲ့လောကကြီးတစ်ခုလုံးကို စိတ်ကဦးဆောင်ပါသည် ။ စိတ်ကြောင့်ပင် ကမ္ဘာလောကကြီး ဖြစ်ရပျက်ရသည် ။ သတ္တ၀ါတို့ သန္တာန်၌ လောဘ ၊ ဒေါသ ၊ မောဟ ၊ အကုသိုလ် တရားတို့ များလာသော ကြောင့် ကမ္ဘာကြီး ပျက်စီးရသည် ။ သတ္တ၀ါတို့သန္တာန်၌ ကမ္ဘာလောကကြီး အသစ်ပြန်ဖြစ်စေလိုသော စိတ်ကြောင့်ပင် ကမ္ဘာသစ်ကြီး ပြန်ဖြစ်လာရ၏ ။

မိမိ၏ စိတ်က ငရဲ ၊ တိရစ္ဆာန် ၊ ပြိတ္တာ ဘုံတို့ကို ကြိုက်နှစ်သက်သော စိတ်ကြောင့်ပင်ငရဲ ၊ တိရစ္ဆာန် ၊ ပြိတ္တာ ဖြစ်ရ၏ ။ လူ ၊ နတ် ၊ ဗြဟ္မာ အဖြစ်ကို ကြိုက်နှစ်သက်သောစိတ်ကြောင့်ပင် လူ ၊ နတ် ၊ ဗြဟ္မာ အမျိုးမျိုး တို့ဖြစ်ရ၏ ။

ဤစကားရပ် ၌ စောဒကတက်ဖွယ် ရှိပြန်သည်မှာ ငရဲ ၊ တိရစ္ဆာန် ၊ ပြိတ္တာ ဖြစ်ချင်သော စိတ်ကား လူတိုင်းတွင်မရှိသော်လည်း အဘယ်ကြောင့် ငရဲ ၊ တိရစ္ဆာန် ၊ ပြိတ္တာဖြစ်ရပါသနည်း ဆိုသော် ငရဲ ၊ တိရစ္ဆာန် ၊ ပြိတ္တာကို ဖြစ်စေတက်သော အကုသိုလ်ကံ တို့ကို ပြုချင်စိတ် ရှိသောကြောင့်ပင် အပယ်ဘုံသို့ ရောက်စေတက်သော အကုသိုလ်ကံတို့ကို ပြုဖြစ်ကြ၏ ။ ထိုသို့ ပြုဖြစ်ခြင်းသည်ပင် ငရဲ ၊ တိရစ္ဆာန် ၊ ပြိတ္တာဘုံတို့ကို ကြိုက်နှစ်သက်သော စိတ်ဆန္ဒကြောင့် ဖြစ်ပါသည် ။ ငရဲ ၊ တိရစ္ဆာန် ၊ ပြိတ္တာဘုံတို့ကို မကြိုက်မနှစ်သက်သော သူသည် ငရဲ စသော အပယ် ဘုံသို့ ရောက်စေတက်သော အကုသိုလ်ကံတို့ကို ပြုချင်စိတ်ရှိမည် မဟုတ်ပါ ။

လောကကြီးတွင် စိတ်အမျိုးမျိုး ဆန်းကြယ်၍ လိုချင်မှု တဏှာ အမျိုးမျိုး ဆန်းကြယ်၍ လိုချင်မှု တဏှာအမျိုးမျိုး ဆန်းကြယ်လာ၏ ။ လိုချင်မှု တဏှာအမျိုးမျိုး ဆန်းကြယ်၍ ကုသိုလ် အကုသိုလ် ကံ အမျိုးမျိုးဆန်းကြယ်လာ၏ ။ ထိုကံ အမျိုးမျိုးဆန်းကြယ်၍ လူနတ်ဗြဟ္မာ ၊ ငရဲ ၊ တိရစ္ဆာန် ပြိတ္တာ သတ္တ၀ါ အမျိုးမျိုး သက်ရှိသက်မဲ့ လောကကြီး အမျိုးမျိုး အဆန်းတကြယ် ဖြစ်လာရ၏ ။ တစ်လောကလုံး ဆန်းကြယ်သမျှ စိတ်က ပြုလုပ်ခြင်းဖြစ်ပါသည် ။

ထိုကြောင့် ဘုရားရှင်က စိတ္တံ ဒန္တံ သုခါ ၀ဟံ = စိတ်ကိုကောင်းကောင်း ထိန်းသိမ်း၍ (ဆုံးမ၍) အသုံးချသွားနိုင်လျှင် ချမ်းသာမှာ မလွဲဧကန် ဖြစ်ပါ၏ ဟု ဟောကြားတော်မူခဲ့သည် ။ စိတ်ကိုထိန်းသိမ်းရန် နည်းများမှာ သီလအကျင့် အမျိုးမျိုး ၊ မေတ္တာ ဘာဝနာ စသော သမထဘာဝနာ အမျိုးမျိုး ၊ ၀ိပဿနာ ဘာဝနာ အမျိုးမျိုးတို့ကို ပွားများကျင့်ကြံသော အားဖြင့် ထိန်းသိမ်းရမည်ဖြစ်ပါသည် ။

မိမိစိတ်ကိုကောင်းကောင်းထိန်းသိမ်းနိုင်သောသူတော်ကောင်းများဖြစ်ကြပါစေဗျာ

အဖန္ငါးရာ ၊ ငါးကမ ၻာ

ဓမ္မဒါနပြုသည် - ဟိန်း

ယနေ့ခေတ်မှာ လူအများစု အယူမှားနေတာလေး တစ်ခုကို ရေးသားဖော်ပြချင်ပါတယ်ခင်ဗျာ ။ အဲဒါကတော့ လူတွေအများစုက မိမိကိုယ်ကိုသက်သေရင် အဖန်ငါးရာ ၊ ငါးကမ္ဘာ ခံရတယ်ဆိုတဲ့ မှားနေတဲ့ အမြင်လေးတစ်ခုပါ ။ မိမိကိုယ်ကို သတ်သေခြင်းသည် ဘ၀ငါးရာ (အဖန်ငါးရာ) ငါးကမ္ဘာခံရသည်ဆိုသော စကားကို ကျမ်းဂန်တို့တွင် ဖော်ပြထားခြင်း မရှိပါ ။ အဖန်ငါးရာ ငါးကမ္ဘာ ဆိုသောစကားသည် ဧကကနိပါတ် ၊ မတက သတ္တဇာတ်မှလာသော စကားဖြစ်ပါတယ် ။ တစ်စုံတစ်ယောက်သည် ပါဏာတိပါတကံ လွန်ကျူးခဲ့လျှင် ထိုကံကြောင့် သေသည်၏ အခြားမဲ့၌ အပါယ်ငရဲတွင် ဆင်းရဲဒုက္ခ ခံစားရ၏ ။ ငရဲမှလွတ်လာလျှင်လည်း တူသော အကျိုးပေးသည့် အနေဖြင့် တစ်ပါးသူ၏ သတ်ခြင်းကို ဘ၀ပေါင်းငါးရာတိုင်တိုင်ခံရ၏ဟုဖော်ပြထားပါသည် ။ သူတစ်ပါးအသက်ကို သတ်လျှင် ဤကဲ့သို့ အပြစ်များခံရတတ်ကြောင်း ဖော်ပြထားပြီး မိမိကိုယ်ကို သတ်၍ အဖန်ငါးရာ ငါးကမ္ဘာ ခံရကြောင်းကို ဖော်ပြထားခြင်းမရှိပါ ။

မိမိကိုယ်ကိုသတ်သေခြင်းသည် ပါဏာတိပါတကံ မထိုက်ဟု ကျမ်းဂန်တို့၌ဖော်ပြထားပါသည်။
အမှန်မှာ ပါဏာတိပါတကံ ဆိုသည်မှာ သူတစ်ပါးအသက်ကို သတ်သောကံဖြစ်သည် ။ မိမိကိုယ်ကို သတ်သည့်ကံ မဟုတ်ပါ ။ သူတစ်ပါးအသက်သတ်ခြင်းသာ ပါဏာတိပါတကံ ထိုက်ပြီးမိမိကိုယ်ကို သတ်ခြင်းသည် ပါဏာတိပါတကံ မထိုက်ပါ ။ ပါဏာတိပါတကံသည် အင်္ဂါငါးပါး ပြည့်စုံမှသာ ကမ္မပထမြောက်ပြီး အပါယ်ကျစေနိုင်၏ ။ အင်္ဂါငါးပါး အနက် တစ်ပါးပါးချို့  ယွင်းခဲ့လျှင် ကမ္မပထမမြောက်၍ အပါယ်မကျစေနိုင်ပါ ။ မိမိကိုယ်ကိုသတ်သေခြင်းသည် ပါဏာတိပါတကံ မြောက်ကြောင်းအင်္ဂါငါးပါးအနက် ပါဏသည်တာ = သတ္တ၀ါဟု အမှတ်ရှိခြင်းဆိုသည့် အင်္ဂါနှင့် မပြည့်စုံသောကြောင့် ပါဏာတိပါတကံ မထိုက်ကြောင်း ၀ိမတိဝိနောဒနီ (ပ- ၂၂၈) ၌ အတိအလင်း ဖော်ပြထားပါသည် ။ ထိုကြောင့်မိမိကိုယ်ကို သတ်သေခြင်းသည် ပါဏာတိပါတကံ မထိုက်၍ အပါယ်လည်း မကျနိုင် ၊ အဖန်ငါးရာ ငါးကမ္ဘာခံရသည် ဆိုခြင်းသည်လည်း မဟုတ်ပါဘူးခင်ဗျား ။
ဒါပေမယ့်
သတိထားရမှာက အဖန်ငါးရာငါးကမ္ဘာခံရသည် ဆိုတာမဟုတ်မှန်ပေမယ့် ဒိဌိနဲ့ တဏှာကတွန်းပို့ လို့မိမိကိုယ်မိမိသေကြောင်းကြံစည် မိရင်တော့ ကန်ကိုအပယ်ကျပါလိမ့်မယ်ဆိုတာလေးကိုပါ ဖြည့်စွက်ပြောပါရစေ ။ မဟုတ်ရင်ကိုယ့်ကိုယ်ကိုသတ်သေရင် အပါယ်မကျဘူးဆိုတဲ့ အယူမှားသွားမှာကို စိုးရိမ်လို့ဖြည့်စွက်ပြောကြားခြင်းပါခင်ဗျား ။

အပြည့်အစုံသို့

ပြန်သိမ်းရန်

အပြည့်အစုံသို့

အပြည့်အစုံသို့

ပြန်သိမ်းရန်

အပြည့်အစုံသို့

ရဟန်းနှင့်သံဃာ ကွဲပြားပုံ

ဓမ္မဒါနပြုသည် - ဟိန်း



ပုဂ္ဂိုလ်တစ်ပါးချင်းကို ရဟန်းဟုခေါ်၍ လေးပါးနှင့်လေးပါးမှ အထက်ကိုသံဃာဟုခေါ်ပါသည် ။
သံဃာဟူရာ၌ မှတ်သားရန်မှာ သံဃာဟုဆိုလျှင် ရဟန်းတော်တို့၏ အစုအဖွဲ့ အပေါင်းအစည်းဟု
မှတ်သား၍ မြတ်စွာဘုရားလက်ထက်က အရှင်သာရိပုတ္တရာ ၊ အရှင်မဟာမောဂ္ဂလာန် ၊
အရှင်မဟာကဿပ မှစ၍ သာသနာတစ်လျှောက်လုံးနှင့် ယခုမျက်မြင်ထင်ရှား ရှိသော
ရဟန်းသာမဏေများအထိ မြင်ရန်လိုအပ်ပါသည် ထိုသို့မြင်ထားမှသာလျှင် သံဃာတော်ဟု
ဆို၍ လှူဒါန်းရာ၌ ရဟန်းသာမဏေတစ်ပါးကို ဆွမ်းလောင်းရာ၌ဖြစ်စေ ၊ သံဃဿဒေမဟု
ဆို၍လှူရင် သံဃာတော်အားလုံးကို လှူရာရောက်ပါသည် ။ ထို့သို့သံဃာတော် အားလုံးကို
အာရုံပြု၍ လှူရာ၌ ဒုဿီလ ၊ အလဇ္ဇီဟူ၍မရှိတော့ပါ ။ ထို့ကြောင့် ဗုဒ္ဓဘာသာတိုင်း သံဃာတော်အား
လှူဒါန်းပူဇော်တက်ရန်နှင့် ရဟန်းနှင့်သံဃာကို ကွဲပြားရန် အထူးပင် အရေးကြီးပေသည် ။

ချမ်းသာအစစ်

ဓမ္မဒါနပြုသည် - ဟိန်း

လူချမ်းသာ နတ်ချမ်းသာ နိဗ္ဗာန်ချမ်းသာ သုံးမျိုးသော ချမ်းသာတို့တွင် လူနှင့်နတ်ချမ်းသာတို့သည် ဒုက္ခသစ္စာနယ် (ဖြစ်ပေါ်ခြင်း ချုပ်ပျောက်ခြင်း တို့က အစဉ်ထာဝရနှိပ်စက်သောနယ်) ထဲတွင်သာ ခံစား နေရပြီး သုံးဆယ့်တစ်ဘုံသံသရာလည်စေပြီး ချမ်းသာအတုဖြစ်သည်။- နိဗ္ဗာန်ချမ်းသာ (မဖောက်မပြန် ပြုပြင်စီရင်မှုမရှိ ငြိမ်းအေးမှုအပြည့် ဒုက္ခအားလုံးချုပ်ဆုံးခြင်း သံသရာမှ လွတ်မြောက်ခြင်း ) သည်သာလျှင် မဟာသန္တိ သုခ ချမ်းသာအစစ် ဖြစ်ပေသည်။

သြကာသ ၊ သြကာသ ၊ကာယကံ ၊ ၀စီကံ ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာပထမ ၊ ဒုတိယ ၊ တတိယ ၊ တစ်ကြိမ် ၊နှစ်ကြိမ် ၊သုံးကြိမ် မြောက်အောင် ဘုရားရတနာ ၊ တရားရတနာ ၊သံဃာရတနာ ၊ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏အရှင်ဘုရား ။ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး ၊ ကပ်သုံးပါး ၊ ရပ်ပြစ်ရှစ်ပါး ၊ ရန်သူမျိုးငါးပါး ၊ ၀ိပတ္တိတရားလေးပါး ၊ ဗျဿနတရား ငါးပါး တို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ နိဗ္ဗါန်ချမ်းသာ တရားတော်မြတ်ကို ရပါလို၏အရှင်ဘုရား။

အနက် ။ ။ သြကာသ သြကာသ ၊သြကာသ - ရှိခိုးပါရစေ အခွင့်ပြုတော်မူပါ (၃) ကြိမ် ။ ကာယကံ ၊၀စီကံ ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပစေခြင်းအကျိုးငှာ - ကိုယ်ဖြင့် ပြုမူပြစ်မှားမိခဲ့သော ကာယအမူ၊ နှုတ်ဖြင့် ပြောဆိုပြစ်မှားမိခဲ့သော ၀စီအမှု ၊ စိတ်ဖြင့်ကြံစည်ပြစ်မှားမိခဲ့သော မနောအမှု စသည့် ထိုကံသုံးပါးတွင် တစ်ပါးပါး သော ကံတို့ဖြင့် ဘုရား၊ တရား၊ သံဃာ၌လည်းကောင်း ၊ ဆရာသမား မိဘ ဘိုးဘွား အစရှိသော လူကြီးသူမများ၌ လည်းကောင်း ပြစ်မှားမိခဲ့လျှင် ကင်းရှင်းပြေပျောက်ပါစေခြင်း အကျိုးငှာ ၊ ပထမ ၊ဒုတိယ ၊တတိယ ၊ တစ်ကြိမ် ၊နှစ်ကြိမ် ၊သုံးကြိမ်မြောက်အောင် - ပထမက ဒုတိယ ၊ ဒုတိယက တတိယ ၊ တစ်ကြိမ်က နှစ်ကြိမ် ၊ နှစ်ကြိမ်က သုံးကြိမ်တိုင်အောင် ဘုရားရတနာ ၊ တရားရတနာ ၊ သံဃာရတနာ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ၊ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏အရှင် ဘုရား ။ ဟိတ်ဟန်မပြ မာန်မာန လျော့ချ၍ ကြည့်ရှုဖူးမြော် ကန်တော့ပါ၏ အရှင်ဘုရား ။

ကန်တော့ရသော အကျိုးအားကြောင့် - ဤကန်တော့ရသော ကုလိုလ်အကျိုးအား အစွမ်းကြောင့် ၊ အပါယ်လေးပါး - (၁) ကုသိုလ်ကောင်းမှု များစွာပြုခွင့်မရကြသော ငရဲကြီးများဖြစ်ကြသည့် (က) အကုလိုလ်ကံ မကုန်သေးသမျှတစ်ခါတည်း သေကြေပျောက်ပျက်မသွားဘဲ ထပ်ခါထပ်ခါ အသက်ရှင်လျှက် ငရဲထိန်းတို့၏ ခုတ်ဖြတ်မှုကိုသာ ပြင်းစွာခံကြရရှာသော သိဉ္စိုးငရဲ ၊ (ခ) ငရဲသားတို့ကို ငရဲထိန်းတို့က သားကောင်ကို ခွေးတွေ လိုက်သလို အတင်းလိုက်ကြပြီး မောဟိုက်သွားသည့်အခါ သစ်တုံးကြီးကို သစ်ရွေသမားတို့က ခုတ်ရွေကြသကဲ့သို့ ကျကျနန မျဉ်းကြိုးချ၍ ပက်လက်တစ်မျိုး ၊ မှောက်လျက်တစ်မျိုး ၊ ၀ဲယာတစ်မျိုး ၊ ရှေ့နောက်တစ်မျိုး အားဖြင့် အကုလိုလ်ကံ မကုန်သေးသ၍ လွတ်ခွင့်မရနိုင်ကြ ဘဲ အမျိုးမျိုးခုတ်ရွေခံကြရသည့် ကာဠသုတ်ငရဲ ၊ (ဂ) အောက်မြေအပြင်မှာ မီးလျံတွေထလျှက် အထု (၉) ယူဇနာရှိသော သံမြေပြင်ကြီးဖြစ်၌ ငရဲသားတို့ဟာ ထန်းပင်ငုတ်လေးတွေစိုက်ထားသလို ခါးထိအောင်စိုက်ထားခြင်းခံရပြီး အရှေ့အရပ်မှ လာသော သံတောင်ကြီးက စားမည်ဝါးမည်ဆိုနေသလို တဒိန်းဒိန်း တခြိမ်းခြိမ်းမြည်ဟီးလျက် ကြိတ်ကာကြိတ်ကာ အနောက်အရပ်သို့ သွားပြီး ၊ နောက်တောင်အရပ်မှ သံတောင်ကြီးက ထိုနည်းအတိုင်းပင် ကြိတ်ကာကြိတ်ကာမြောက်အရပ်သို့သွားပြီးလျှင် အနောက်အရပ်သို့ ရောက်ပြီးသော သံတောင်ကြီးကလည်း အရှေ့အရပ်သို့ကြိတ်ကာကြိတ်ကာပြန်၍လာခြင်းဖြင် အရပ်လေးမျက်နှာမှသံတောင်တွေ သန်းဥတုတ်သလို ဖိနှိပ်ကြိတ်ချေသော်လည်း အကုသိုလ်ကံ မကုန်သမျှငုတ်စုစု ပေါ်ထွက်လျက် ဆက်ကာဆက်ကာ အကြိတ်ခံရရှာသော သံဃာတငရဲ ၊ (ဃ) မိးတောက်တို့သည် တ၀ုန်းးဝုန့်း ထလျက် ငရဲသို့ကျရောက်သူတို့၏ ဒွါရ (၉) ပေါက်မှ အတင်းဝင်ရောက်လောင်ကျွမ်းသဖြင့် အလွန်အားငယ်စွာ တစာစာအော်ကြရရှာပြီး ပြင်းစွာငိုကြွေးခြင်းဖြင့် မီးတောကမီးလျှံ အလောင်ခံနေကြရသေ ရောရုာဝငရဲ ၊ (င) မီးခိုးတို့တစ်ငရဲလုံးဖုံး
လွမ်းနေပြီး ငရဲသို့ကျရောက်သူတို့ကို မီးခိုးတို့ကအတွင်းအပြင် အတင်းဝင်၍ နှူးနှပ်ကြသောကြောင့် ငရဲသူ ငရဲသားတို့မှာ ဘာမှနတတ်နိုင်ကြတော့ပဲ သနားစဖွယ် အားငယ်စွာ အော်နေကြရရှာသော မဟာရောရုဝငရဲ ၊ (စ) ငရဲသို့ကျရောက်သော သတ္တ၀ါများကို ထန်းလုံးလောက်ကြီးမား၍ မီးလျှံထသော သံတံကျင်၌ မလှုပ်နိုင်အောင် စိုက်ထားပြီးလျှင် ထိုသံတံမှ ထွက်သော မီးလျှံတို့က အမြဲပူလောင်စေတတ်သော တာပနငရဲ ၊ (ဆ) မီးလျှံထနေသော သံတောင်ကြီးနှင့် ထိုသံတောင်၏အောက်ခြေ၌ သံတံကျင်တွေစိုက်ထူထားပြီး ငရဲသူငရဲသားတို့ကို ငရဲထိန်းတို့က သံတောင်ပေါ်သို့ မတက်တက်အောင် ရိုက်နှက်၍ တင်ကြပြီး သံတောင်ပေါ်သို့ရောက်သောအခါ ကံကြမ္မာအလျောက် လေမုန်တိုင်းပေါ်ပေါက်၍ ထိုလေမုန်တိုင်းက တောင်ခြေ၌ရှိသော တံကျင်ပေါ်ရောက်အောင် တိုက်လွှင့်ချလိုက်သဖြင့် တံကျင်အဖျား၌ ကား
ခနဲ စူးဝင်ခြင်းခံကြရရှာသော မဟာတာပန ငရဲ ၊(ဇ)မီးတောကိမီးလျှံများ အကြားမရှိပဲ တစ်ငရဲလုံးမီးလျှံများဆက်နေပြီးငရဲသားချင်းလည်း ၀ါးကျည်တောက်အတွင်း မုန်ညှင်းစေ့ကလေးတွေ ပြည့်ကျပ်နေသကဲ့သို့ အကြားမရှိပြည့်ကျပ်နေအောင် ဆင်းရဲဒုက္ခ အကြားအရှိ ၊ ဒုက္ခမှ လွတ်ကင်း၍ ချမ်းသာခွင့် လုံးဝမရနိုင်ဘဲ မီးလျှံ ၊ သတ္တ၀ါ ၊ ဆင်းရဲခြင်း ဒုက္ခဤသုံးမျိုးတို့ဆက်စပ်နေသော အ၀ီစိငရဲတို့နှင့် ထို ငရဲတစ်ထပ်တစ်ထပ်၌ ဘင်ပုပ်ငရဲ ၊ ပြာပူငရဲ ၊ လက်ပံတောငရဲ ၊ သန်လျက်ရွက်တောငရဲ ၊ဝေတ္တရဏီ“ သံရည်မြစ်ငရဲ ၊ ဟု တံတိုင်းခတ်သကဲသို့ ရံပတ်၍နေသော ငရဲအရပ်၌ ကျရောက်ရခြင်းလည်းကောင်း ၊ (၂) ဆင် ၊မြင်း ၊ ကျွဲ ၊ နွား ၊ ခွေး ၊ ကြက် ၊ ငှက် ငါးလိပ်စသော ကုန်းနေ ရေနေ အခြေလေးချောင်း ၊ အခြေနှစ်ချောင်း ၊ အခြေအများ သတ္တ၀ါတို့နှင့် မြွေ စသော အခြေမရှိသော သတ္တ၀ါများဖြစ်ကြသည့် တိရစ္ဆာန် အဖြစ်ရောက်ရခြင်းလည်းကောင်း ၊ (၃) တစ္ဆေ ၊ မှင်စာ ၊ သရဲ သဘက် အစိမ်းဖုတ်ကောင် ၊ကျတ်ကောင် စသည့် ပြိတ္တာ ဖြစ်ရခြင်းလည်းကောင်း ၊(၄) ပြိတ္တာအကြီးစားများ ဖြစ်ကြပြီး နေ့စံညခံ ၊ ညခံနေ့စံ စသည်ဖြင့်လည်း ခံနေကြရရှာသော အသူတကာယ် အရပ်၌ ကျရောက်ရခြင်းလည်းကောင်း ၊ ကပ်သုံးပါး - (၁) တုတ် ဓါး သေနတ် ဗုံး အမြောက် စသောလက်နက်ဖြင့် သေကြေပျက်စီးရခြင်း (သတ္တန္တရကပ် ) ၊ (၂) ပလိပ်ရောဂါ ၊ ကာလရောဂါ ၊ ကျောက်ရောဂါ ၊ အဖျားရောဂါ စသည်ဖြင့် ကူးစက်မြန်သောကြောင့်မြို့နယ်အနှံ့ သေကြေပျက်စီးရခြင်း (ရောဂန္တရကပ်) ၊(၃) မြို့နယ်အနှံ့အပြားတို့၌ အစားအသောက်ပြတ်ငတ်၍ သေကြေပျက်စီးရခြင်း ( ဒုဗ္ဘိက္ခန္တရကပ် ) တို့နှင့် ကြံကြိုက်ရခြင်းလည်းကောင်း ၊ ရပ်ပြစ်ရှစ်ပါး - မဂ်ဖိုလ်ရအောင် တရားအားထုတ်ခွင့်မရခြင်းကြောင့် အပြစ်ဖြစ်သော အရပ်ေးသများဖြစ်ကြသည့် (၁၊၂၊၃) ဘုရားပွင့်နေဆဲအခါ ငရဲ ၊ တိရစ္ဆာန် ၊ပြိတ္တာ စသော အပါယ်အရပ် ( အသူတကယ်ကို ပြိတ္တာမျိုး၌ယူ ) ၊ (၄) ဘုရားရှင်ပွင့်ဆဲ ဘုရားရှင်ကိုမဖူးတွေ့နိုင် ၊ တရားမနာနိုင်ကြရှာသော ခန္ဓာကိုယ်သာရှိ၍ စိတ်ဝိညာဏ်မရှိသော အသညသတ်ဗြဟ္မာများနှင့် စိတ်ဝိညာဏ်သာရှိပြီး ခန္ဓာကိုယ်မရှိသော အရူပဗြဟ္မာများဖြစ်ကြသည့်
ဒီဃာယုနတ်တို့အရပ် ၊ (၅) အစွန်အဖျား တောတောင်အကြား လူရိုင်းများနေသည့် ပစ္စ န္တရာဇ်အရပ် ၊ (၆) ဘုရားပွင့်ဆဲအခါ မိစ္ဆာဒိဋ္ဌိရှိနေခြင်း ၊ (၇) ဘုရားပွင့်ဆဲအခါ တရားနာလည်းလောက်သော ဥာဏ်မရှိသူ ၊(၈) တတ်သိနားလည်လောက်သော ဥာဏ်ရှိသော်ငြားလည်း ဘုရားမပွင့်သောအခါလူ ဖြစ်ရခြင်းလည်းကောင်း ၊ ရန်သူမျိုးငါးပါး- (၁) ရေ ၊(၂) မီး ၊ (၃) ခိုးသူ ၊(၄) အမွေခံသားဆိုး သမီးဆိုး (၅) မင်းဆိုး စသည့် ဘေးငါးမျိုးနှင့်ကြုံတွေ့ရခြင်းလည်းကောင်း ၊ ၀ိကတ္တတရားလေးပါး - ဖောက်ပြနချို့ယွင်းခြင်း ၊ ပျက်စီးခြင်းဟုဆိုအပ်သော (၁) မင်းဆိုး မင်းယုတ်အုပ်စိုးသောအခါ ဖြစ်သည့် ကာလ၀ိပတ္တိ ၊(၂) အအပါယ်လေးပါးတို့၌ဖြစ်ရခြင်း စသည့်မကောင်းသော ဂတိဖြစ်၍ ဂတိဝိပတ္တိ ၊ (၃) ရုပါအဆင်းအင်္ဂါချို့တဲ့ခြင်းစတဲ့ ဥပဓိဝိပတ္တိ ၊(၄) အသိအလိမ္မာ ဥာဏ်ပညာ သတိဝီရိယမရှိပဲ ပြုမူ ၊ပြောဆို
ကြံစည်မူ ပယောဂ၀ိပတ္တိ စသည့်မကောင်းသော အဖြစ်ဆိုးတို့နှင့်လည်းကောင်း ၊ဗျဿနတရားငါးပါး - (၁) ဆွေမျိုးပျက်စီးခြင်း ဥာတိဗျဿန ၊(၂) စည်းစိမ်ဥစ္စာ ပျက်စီးခြင်း ဘောဂဗျဿန ၊(၃) အနာရောဂါဖြစ်ခြင်း ရောဂဗျဿန ၊(၄) မှားယွင်းသော မိစ္ဆာအယူကိုယူခြင်း ဒိဋ္ဌိဗျဿန ၊ (၅) သီလပျက်ခြင်း သီလဗျဿန စသောပျက်စီးခြင်းတို့နှင့် ကြုံတွေ့ရခြင်း ဟူသော ၊ အခါခပ်သိမ်းကင်းလွတ်ငြိမ်းသည်ဖြစ်၍ -ဤမကောင်းသော တရားတို့မှ အခါခပ်သိမ်းကင်းလွတ်ငြိမ်းသည်ဖြစ်၍ ၊ မဂ်တရား - သောတာပတ္တိမဂ် ၊ သကဒါဂါမိမဂ် ၊ အနာဂါမိမဂ် ၊ အရဟတ္တမဂ် ၊ ဖိုလ်တရား - သောတာပတ္တိဖိုလ် ၊ သကဒါဂါမိဖိုလ် ၊ အနာဂါမိဖိုလ် ၊ အရဟတ္တဖိုလ် ၊ နိဗ္ဗါန်ချမ်းသာ - ခန္ဓာအသစ် တစ်ဖန်မဖြစ်ရာ ၊သေခြင်းသဘောလည်း မရှိရာ ၊ ဒုက္ခအပေါင်းမှလည်း ကင်းဝေးရာ အမြတ်ဆုံးချမ်းသာဖြစ်သည့် နိဗ္ဗါန်စသော ၊ တရားတော်မြတ်တို့ကို သံသရာ၌ ကြာရှည်စွာ မကျင်လည်ရတော့ပဲ အမြန်ဆုံး ရရပါလို၏ အရှင်ဘုရား ။

ဆီမီးကိုရှာ

ဓမ္မဒါနပြုသည် - ဟိန်း


အခါခပ်သိမ်း ကိလေသာမီး တောက်လောင်နေသူများ
ဖြစ်လျက် အဘယ်ကြောင့် ပျော်မြူးရယ်ရွှင်ခြင်း ဖြစ်ဘိ
သနည်း ။ အဘယ့်ကြောင့် နှစ်လိုဝမ်းသာခြင်း ဖြစ်ဘိ
သနည်း ။

အ၀ိဇ္ဇာအမိုက်မှောင်ကြီးဖြင့် ပိတ်ဆီးနေသူများ ဖြစ်ပါလျက်
အဘယ်ကြောင့် ပညာတည်းဟူသော ဆီမီးကို မရှာဘဲ
နေကြကုန်သနည်း ။


(ရှင်တော်ဗုဒ္ဓ)

အနန္တတာဝန် တို့အဓိဌာန်

ဓမ္မဒါနပြုသည် - ဟိန်း

၁ ။ ဘုရားကျေးဇူး ၊ မြင်းမိုရ်ဦး ၊ အထူးကျေအောင် ဆပ်ပါမည် ။

၂ ။ တရားကျေးဇူး ၊ မြင်းမိုရ်ဦး ၊ အထူးကျေအောင် ဆပ်ပါမည် ။

၃ ။ သံဃာကျေးဇူး ၊ မြင်းမိုရ်ဦး ၊ အထူးကျေအောင် ဆပ်ပါမည် ။

၎ ။ ဆရာ့ကျေးဇူး ၊ မြင်းမိုရ်ဦး ၊ အထူးကျေအောင် ဆပ်ပါမည် ။

၅ ။ မိဘကျေးဇူး ၊ မြင်းမိုရ်ဦး ၊ အထူးကျေအောင် ဆပ်ပါမည် ။

၆ ။ တိုင်းပြည်ကျေးဇူး ၊ စိတ်ကြည်နူး ၊ အထူးကျေအောင် ဆပ်ပါမည် ။

၇ ။ ကျေှးဇူးမကျေ ၊ လူမိုက်တွေ ၊ မသွေဖြစ်မှာ စိုးရသည် ။

၈ ။ ကျေးဇူးဆပ်ကာ ၊ လူလိမ္မာ ၊ မှန်စွာဖြစ်အောင် ကြိုးစားမည် ။

၉ ။ တိုင်းပြည်လူမျိုး ၊ များကောင်းကျိုး ၊ သယ်ပိုးရွက်ဆောင်ပြုပါမည် ။